Sunday, June 28, 2020

ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ပုဂံ သို့ 🚗💨

ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ပုဂံ သို့ 🚗💨 (Unicode)

"လှည်းဝင် ရိုးသံ တညံညံ ပုဂံဘုရားပေါင်း"

ပုဂံ မြို့ဟောင်းတွင် ရှေး အခါက ဘုရားပေါင်း ၄၄၄၆ ဆူ ရှိသည်တဲ့ (လှည်း - ၄ ၊ ဝင် - ၄ ၊ ရိုး - ၄ ၊ သံ - ၆ ) ဟု ယူသည်။

တစ်ခု မှာတော့ ၄၄၄၆၇၃၃ ဆူ ဟု ဆိုပြန်သည်
(လှည်း - ၄ ၊ ဝင် - ၄ ၊ ရိုး - ၄ ၊ သံ - ၆ ၊ တ - ၇ ၊ ညံ - ၃ ၊ ညံ - ၃ ) ဟု ယူသည်။

မည်သို့ပင်ဆိုစေကာမူ ယနေ့ခေတ် အချိန်မှာ တော့ ၃၈၂၂ ဆူ သာကျန်ရှိတော့သည်ဟု စစ်တမ်းအရသိရပါတယ်။

မြန်မာ မှန်ရင် ပုဂံသို့ ရောက်ဖူးရမည်ဆိုတဲ့ အတိုင်း
ပုဂံဆိုတာ ကျွန်တော်တို့ မြန်မာတွေ အတွက် ပထမမြန်မာနိုင်ငံတော် စတည်ခဲ့ရာ မြို့တော်လည်းဖြစ်ပါတယ်။ မြန်မာစာပေ အစ ပုဂံ က လို့လည်း လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပုဂံ ကို ဘုရားဖူး သွားကြမယ်ဗျာ ...

ပုဂံကို ဘယ်လိုသွားမလည်း🙄

              ပုဂံ ကို Express Bus ၊ ရထား ၊ လေယာဉ် အဆင်ပြေတာနဲ့ သွားနိုင်ပါတယ်။နောက်တစ်ခု မန္တလေး ကနေ ပုဂံ ကို ဧရာဝတီ မြစ်ကြောင်းအတိုင်း သဘောၤဖြင့် လည်းသွားနိုင်ပါတယ်။ ဘုရားဖူး ကား package နဲ့လည်း သွားနိုင်ပါတယ်။
ရန်ကုန်ကနေ ကားနဲ့ ဆို ပုဂံ ကို ညစီး ရင် မနက်ရောက်ပါတယ်။ အောင်မင်္ဂလာ ကနေ ည ၈:၀၀ ကားနဲ့ ဆို မနက် ၆:၀၀ ရောက်ပါတယ်။ ပျမ်းမျှကြာချိန် ၁၀:၀၀ နာရီ စီးရပါတယ်။ ကိုယ်ပိုင်ကား နဲ့ဆိုရင်တော့ မနက်စောထွက် နေ့လည်ဆိုရောက်🚗💨
ပုဂံ မသွားခင် ပထမဦးဆုံး ပုဂံ ကို နှစ်ညအိပ်သုံးရက် နဲ့ သုံးညအိပ်လေးရက် ခရီးစဉ်ကို အရင်ရွေးချယ်ပါ သုံးညအိပ် လေးရက်ဆိုရင်တော့ ပုဂံ တစ်မြို့လုံးနီးပါ နှံ့ပါတယ်။
ခရီးစဉ် စထွက်ပါမယ်😁
ပထမ ည ပထမ နေ့ ... ရန်ကုန်ကနေ ည ဘက် ထွက် ပါမယ် ကားပေါ်မှာ တစ်ည နောက်နေ့ မနက်စောစော ပုဂံ ရောက်ပြီ ... ရောက်တာနဲ့ မိမိတည်းခို မယ့်နေရာ ကို သွားပါ..တည်းခိုမယ့်နေရာကို ကြိုတင် ဘိုကင်ယူထားရင် ပိုကောင်းပါတယ် ... မြို့ဟောင်းဘက် က တည်းခိုခန်း ၊ ဟိုတယ်တွေ က ပို အဆင်ပြေပါတယ်။မိမိတည်းခိုမယ့် နေရာ ရောက် ပြီဆို ခေတ္တ ခန နားပါ ပြီးတာနဲ့ ပုဂံ ကို စလည်ပတ်ပါ ...

ပထမနေ့ 1️⃣

ပုဂံ က နာမည်ကြီး ဘုရား တွေ ပုထိုးတွေ ဖူးကြမယ် ... ကား ငှားပြီး ဘုရားဖူး ချင်လည်းရပါတယ် ... ဈေးက တော့ အဆင်ပြေသလို ညှိပေါ့ ... ကျွန်တော် က တော့ e-Bike နဲ့ ပိုလည်စေချင်ပါတယ် ... ပုဂံ နဲ့ e-bike အရမ်း ပနံသင့်ပါတယ် ... e-bike က ငှားရင် တနေ့လုံးမှ ၇၀၀၀ ပါ ... ငှားတဲ့ ဆိုင်က ဖုန်းနံပါတ်လေး နဲ့လိပ်စာလေးတော့ ယူထားပါ ... လမ်းမှာ battery အားကုန်ရင် ဆက်သွယ်လို့ရအောင်ပါ။ e-bike နဲ့ဆို လည်ရတာ အရမ်းမိုက်ပါတယ်။ ဘုရားတွေ ကို ဖူးရင် မိမိ တည်းတဲ့ နေရာ နဲ့ လှမ်းတဲ့ဘုရားတွေ ကို အရင်သွားပါ။ အနီးအနား က ဘုရားတွေ က အချိန်သိပ်မပေးရဘူးလေ။ တစ်နေ့လုံး ဘုရားတွေ ပတ်ဖူး မနက်စောစော (သို့) ညနေဘက် ကို ဘူးဘုရား (သို့) ရွှေဆံတော် ... ဘုရားနှစ်ဆူ ကို သီးသန့်ထားပီးသွားပါ နေထွက် နေဝင်ချိန် အတွက်။ Sunset/Sunrise ကြည့်တဲ့ ကုန်းမြင့်နေရာလည်းရှိပါတယ်။မနက်စောစောကို မီးပုံးပျံတွေနဲ့ နေထွက်ချိန် ကြည့်လို့ရပါတယ်။ဓာတ်ဖမ်းနိုင်ပါတယ်😁

ဒုတိယနေ့ 2️⃣

ဒုတိယနေ့ ဒီမှာ ခရီးစဉ်က စကွဲ ပါပြီ တချို့က စွယ်တော်လေးဆူ ဖူး ကြပါတယ်။ စွယ်တော်လေးဆူ ဖူးတာ က နေ စပြောပါမယ် စွယ်တော်လေးဆူ ဖူးရင် အဆင်ပြေဆုံး က ... မနက်အစောဆုံးထ ဘူးဘုရားကနေ စက်လှေ စီး ပါ... စက်လှေ က ဈေးဆစ်ပါ တစ်စီး ကို ၂၅၀၀၀ လောက်ပဲ ရှိပါတယ် အသွားအပြန်ပါ ... ဘူးဘုရားကနေ တန့်ကြည်တောင် ... ဧရာဝတီမြစ် တစ်ဖက်ကို စက်လှေ နဲ့ ကူးပါပြီ ... တစ်ဖက်ကမ်းရောက်ရင် တောင်ပေါ်တက်တဲ့ ကားဂိတ်ကို လမ်းလေးနည်းနည်းလျှောက်ရပါတယ်။ ကားဂိတ် မှာ ကားအမျိုးအစားတွေ ရွေးလို့ရတယ် Hijet ၊ Lightruck ၊ Supercustom အဆင်ပြေတာ ရွေးစီးလို့ရတယ် ဈေးတွေ ရေးထားပါတယ် ဂိတ်မှာ ပုံမှန်ပါပဲ ... တန့်ကြည်တောင်စတက်ပါပြီ ၂၀ မိနစ်လောက် ကားစီး ရပါတယ်။ တန့်ကြည်တောင်ဘုရားဖူးပြီးရင် တစ်ဖက်ကမ်းကို ပြန်လာတဲ့ အချိန် နေထွက်ချိန်နဲ့ ပုဂံမြို့ ကို မြင်ရတာ ပန်းချီကား အကြီးကြီးကို ကြည့်ရတဲ့ ခံစားချက်လေးရမှာပါ။ တစ်ဖက်ကမ်း ဘူးဘုရား ကနေ နောက် တူရွင်းတောင် ကိုသွား ပါ။ ပြီးရင် လောကနန္ဒာ ဘုရား သို့ သွားပါ။ လောကနန္ဒာ ဘုရားက နေ ဧရာဝတီမြစ် နဲ့ ဓာတ်ပုံတွေ ရိုက် ပေါ့။ နောက်ဆုံးအဆူ က ရွှေစည်းခုံ ဘုရားပါ။ ရွှေစည်းခုံ ဘုရားဖူးပြီးရင် စွယ်တော်လေးဆူ ပြည့်ပါပြီ။ စွယ်တော်လေးဆူ ဖူးရင် မှတ်သားရမှာ က လေးဆူစလုံး အတွက် လှူဖွယ် တူပါစေ ၊ ဆုတောင်း တစ်ခု ထဲ သာ လေးဆူစလုံးတွင် ဆုတောင်းပါ။ လှူဖွယ် တူတယ်ဆိုတာ ဆွမ်းကပ် ရင်လည်း ဆွမ်းတူပါစေ။ ငွေလှူရင်လည်း အဆူတိုင်း ထိုငွေပမာဏ သာ လှူ ပါ။ ဆုတောင်းတူပါစေဆို တာ မိမိ တောင်းဆု သည် လေးဆူစလုံးတွင် တစ်ထပ်တည်းကျဖို့ လိုတာပါ။ စွယ်တော်လေးဆူ ဖူးပြီး ပြီဆိုတော့ ဘုရားတွေ လည်း အစုံ ဖူးပြီးပါပြီ။ ပြည့်ငါးပြည့် ကတော့ မိမိ အဆင်ပြေတယ်ဆို ရင် ဖူးနိုင်ပါတယ် တစ်နေရာနဲ့ တစ်နေရာတော့ အလှမ်းဝေးပါတယ်။ ဟုတ်ကဲ့ အပေါ်မှာ ပြောခဲ့သလို ခရီးစဉ်ဘာလို့ကွဲ လည်းဆိုတော့ တချို့က စွယ်တော်လေးဆူ မဖူးကြပါဘူး ဒုတိယနေ့ မနက်ပိုင်းကို ပုပ္ပားဘက် ခရီးဆက်ကြလို့ပါ။တချို့ ကတော့ တခြား ကျန်ဘုရားတွေ ဖူးကျပါတယ်။ ကျွန်တော်ကတော့ စွယ်တော်လေးဆူ ကို ဖူးစေချင်ပါတယ်။ ဆုတောင်းပြည့် ပါတယ် သေချာ အဓိဌာန်ကြည့်ပါ။

ပုဂံမှာ တခြား ဘာတွေ လုပ်မလည်း🤔

အခု ပုဂံ မှာ ဘာတွေ လုပ်ကြမလည်း ဆိုတော့ လက်ပန်းချီဆွဲလို့ရပါတယ် တော်တော်များများလည်း သိပြီးသားပါ။ နောက်တစ်ခု ရုပ်သေးရုပ်လေးတွေ နဲ့ ဓာတ်ပုံရိုက်ကြမယ်။ သဗ္ဗေညု ဘုရားအနီးတဝိုက်နဲ့ နေရာ တော်တော်များများမှာ ရှိပါတယ်။ဒါကတော့ ကိုယ်တိုင်သွားရင် သိပါလိမ့်မယ်။ နောက် ပုဂံနန်းတော် နဲ့ ပြတိုက် ကို လည်ပါ နန်းတော်ထဲမှာ ဆို ပုဂံ အဝတ်အစားတွေ နဲ့ အမှတ်တရ ဓာတ်ပုံတွေ ရိုက်လို့ရပါတယ်။ ဟုတ်ကဲ့ အစားအစာ က မြန်မာစာ ဆို ရင် မင်္ဂလာ မြန်မာ ဘူဖေး ကောင်းပါတယ် မျိုးမျိုး ထမင်းဆိုင် ကောင်းပါတယ်။ မင်္ဂလာ ဘူဖေးကတော့ အတော် ကို ကောင်းပါတယ်။ ညစာဆို ဂေါက်ကွင်းနားမှာ စားသောက်ဆိုင်တန်းရှိပါတယ်။ ပုဂံ က နေ ပြန်ရင်တော့ အပြန်လမ်းဘေးမှာ ထန်းရည် လေး ဝင်သောက်ဖို့ မမေ့နဲ့ နော် အညာဒေသ ရဲ့ ဓလေ့လေးကို ခံစားရတာပေါ့။ ပုဂံ ခရီးစဉ်လေး အကြောင်း ကတော့ ဒီလောက်ပါပဲနော် ...

"ဒု မှာ ဓမ္မရံ ၊ ဉာဏ်မှာ သဗ္ဗေညု ၊ အနုမှာ အာနန္ဒာ ၊ တန်းခိုး မှာ ရွှေစည်းခုံ" ဆိုတာက တော့ သိမှတ်ဖွယ်ဖြစ်ပါတယ်။

ဒုမှာ ဓမ္မရံ ဆို တာ ထုထည် ကြီးမားဆုံး ဘုရားက ဓမ္မရံကြီး ဘုရားဖြစ်ပါတယ်။
ဉာဏ်မှာ သဗ္ဗေညု ဆိုတာ ဉာဏ်တော် အမြင့်ဆုံး ဟာ သဗ္ဗေညု ဘုရားဖြစ်ပါတယ်။
အနုမှာ အာနန္ဒာ ဆိုတာ အာနန္ဒာ ဘုရားက အနုလက်ရာ တွေ ကို ဆိုလိုပါတယ်။
တန်ခိုး မှာ ရွှေစည်းခုံ ဆိုတာကတော့ အနော်ရထာမင်းကြီး တည်ထားတဲ့ ရွှေစည်းခုံ ဘုရား ဟာ တန်ခိုးကြီးတယ်လို့ ဆိုစမှတ်ပြုခြင်းဖြစ်ပါတယ်ခင်ဗျာ။
ပုဂံ ဘုရား သမိုင်းတွေ ဟာလည်း စိတ်ဝင်စားဖွယ်တွေ ပဲ မို့ ပုဂံ ရောက် ရင် ပုဂံ ဘုရားသမိုင်းစာအုပ်ကို ဝယ်ဖတ် သင့်ပါတယ်😇

အားလုံးကျန်းမာရွှင်လန်းပါစေဗျာ🤫
#Whatever I Write #Travel #Bagan

Wednesday, June 24, 2020

သင် လမ်းလျှောက်တက်ပြီလား.🚶?

 သင် လမ်းလျှောက်တက်ပြီလား.🚶? (Unicode)

လူတိုင်း လမ်းလျှောက်တက်ပါတယ်... ကျွန်တော်မေးတာက ကျန်းမာရေးအတွက် လမ်းလျှောက်ဖြစ်လားမေးတာပါ...😊

လမ်းလျှောက်ခြင်း...🚶

လမ်းလျှောက်ခြင်းဆိုတာ ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခုပါနော်... လမ်းလျှောက်ခြင်းဖြင့်... သက်လုံကောင်းမယ် ၊ ခန္ဓာကိုယ် အလေးချိန် ထိန်းနိုင်မယ် ခန္ဓာကိုယ် ကျန်းမာရေး အတွက် အထောက်ကူပြုရုံတင်မက လမ်းလျှောက်ခြင်း ဖြင့် စိတ်ဖိစီးခြင်းကို ပါ လျော့နည်းစေပါတယ်။

လမ်းလျှောက်ခြင်းအားဖြင့် နှလုံးရောဂါ ၊ လေဖြတ်ခြင်း ၊ ဆီးချိုရောဂါ ၊ သွေးတိုးရောဂါ ၊ အူမကြီးကင်ဆာ အပြင် အရိုးပွခြင်း ရောဂါဖြစ်ခြင်းများကို လည်း လျော့ချပေးနိုင်ပါတယ်တဲ့ဗျာ။

လမ်းလျှောက်ခြင်း ဟာ ခန္ဓာကိုယ် အတွက်တင်မက စိတ် အတွက်ပါ ကောင်းမွန်စေပါတယ်။ လမ်းလျှောက်ခြင်းဖြင့် မှတ်ဉာဏ်ကောင်းမွန်ခြင်း ၊ သင်ယူလေ့လာနိုင်မှုကောင်းခြင်း ၊ စိတ်ကူးစိတ်သန်းကောင်းမွန်ခြင်း စသည့် စိတ်အတွက် ပါ အကျိုးရှိစေတယ် လို့ သိပ္ပံနည်းအရ လေ့လာတွေ့ရှိထားပါတယ်။

လမ်းလျှောက်ခြင်း အမျိုးမျိုး ရှိပါသတဲ့ 🙄

Bushwalking - သူကတော့ တောထဲ လမ်းလျှောက်ထွက်ခြင်းမျိုးပါ 
Racewalking - ပြေးရင်းလမ်းလျှောက်တာ Jogging လုပ်တာမျိုးပေါ့
Beachwalking - ကမ်းခြေမှာ လမ်းလျှောက်ခြင်း...သဘာဝ ပင်လယ်လေ လတ်လတ်ဆတ်ဆတ် ကို        ရှူရှိူက်ရင်း လှိုင်းသံလေသံနဲ့ သဲသောင်ပြင်ကျယ်မှာ လမ်းလျှောက်ရတဲ့ အရသာ 😍 ပင်လယ် ကမ်းစပ်တွေ သွားမှ ရနိုင်တာပါ
Hillwalking - တောင်ကုန်းလေးတွေ တက်ရင်းလမ်းလျှောက်ရတာမျိုး ရန်ကုန် ကန်တော်ကြီး ဗိုလ်ချုပ်ပန်းခြံဖက်မှာ လျှောက်လို့ရတယ်
Volksmarching,Nordic Walking - အုပ်စုဖွဲ့ လမ်းအရှည်လျှောက်ခြင်း လို့ပြောရမလား.?နည်းနည်း google ကြည့်ကြပါ... ski လုပ်သလို လမ်းလျှောက်တုတ်တွေ နဲ့ လျှောက်ကြတာ အုပ်စုလိုက်
Trekking - ခရီးတွေ သွားရင် အခုနောက်ပိုင်း Trekking ဆိုတာ ခေတ်စားလာတယ် တောကြမ်းခရီးလျှောက်ခြင်း ကိုယ်လိုအပ်မယ့်ပစ္စည်းတွေသယ်ပြီး တောနင်းပြီး လမ်းလျှောက်တာမျိုး
Dog Walking - ဒါကတော့ ခွေးမွေးတဲ့ သူတွေ ခွေးကျောင်းရင်း လမ်းလျှောက်ထွက်တာ
Hiking - မန္တလေးမှာ တော့ မန္တလေးတောင်တက်ကျတယ် ရန်ကုန်မှာတော့ တောင်မရှိဘူးလေ😁
တောင်တက်လမ်းလျှောက်ခြင်းပါ
Indoor Walking - Indoor လမ်းလျှောက်တာ က တော့ GYM (သို့) လမ်းလျှောက်စက် ဝယ်ထားတဲ့သူတွေ လျှောက်ကြတာပါ
လမ်းလျှောက်စက်ကြီး ဖုန်တက်နေတဲ့သူတွေ မပါ😝

" ကျန်းမာဖို့ လမ်းလျှောက်ကြစို့ 😁 "

သင်ရော ဘယ်လမ်းလျှောက်နည်းကို ကြိုက်လဲ. ?🤔
ကျွန်တော်က Trekking နဲ့ Beach walking ကို သဘောကျတယ် ခရီးသွားဝါသနာပါတော့ 😍

#WhateverIWrite @wiw.mm
#Lifestyle #Walking

Tuesday, June 23, 2020

Bubble Tea (BOBA) သမိုင်းကြောင်း🥤

 Bubble Tea (BOBA) သမိုင်းကြောင်း🥤 (Unicode)

           “Bubble Tea က ဆယ်လီပါနော် တော်တော်များများ ကြိုက်နှစ်သက်ကြတယ် "
Bubble Tea သောက်ရင် Bubble Tea သမိုင်းလေးပါ သိစေလို၍...Bubble Tea ရဲ့ သမိုင်းလေး ကို သိအောင် ပြန်လည် ပြောပြပေးမယ်နော်😉

Bubble Tea ဘယ်က စ 🧐

Bubble Tea က ၁၉၈၀ ခုနှစ်မှာ ထိုင်ဝမ် (Taiwan) ကနေ စတင်ပေါ်ပေါက်လာတဲ့ Taiwanese Tea-based Drink တစ်ခုဖြစ်ပါတယ်။
အခုနောက်ပိုင်း Bubble Tea အရသာ အမျိုးအစား တော်တော်များများ ကို မတူညီတဲ့ ဆိုင်တွေ မှ အလွယ်တကူ ဝယ်ယူသောက်သုံးနိုင်ပါတယ်။Bubble Tea ကို (Pearl Milk Tea , Bubble Mike Tea , Boba , etc ) စသည်ဖြင့် အမည်မျိုးစုံ ရှိပါတယ်တယ့်ဗျာ။
Bubble Tea ထဲမှာ ပါတဲ့ အလုံးလေးတွေ ကို Chewy tapioca balls “Pearls(ပုလဲ)” လို့ ခေါ်ပါတယ်။ အထင်ရှားဆုံး Pearl Tea အမျိုးအစား တွေက "Black Pearl Milk Tea and Green Pearl Milk Tea" တို့ဖြစ်ပါတယ်။Bubble Tea မှာ Milk Tea နဲ့ Without Milk Tea ဆိုပြီး Base(အခြေခံ)နှစ်မျိုး ရှိပါတယ်။

Bubble Tea ရဲ့ သမိုင်း🤔

Bubble Tea တောင် သမိုင်းကြောင်းနှစ်ခု ရှိတယ်ဗျာ 😁
ဘာကြောင့်ဆိုတော့ Bubble Tea စတင်တည်ထွင်တဲ့ သူက နှစ်ယောက် ကွဲနေလို့ပါ။
ပထမ သမိုင်းက - 1986 ခုနှစ် မှာ ထိုင်ဝမ်က Tainan မြို့ ‘Hanlin Tea Room’ ကစပါတယ်...Tea Room ပိုင်ရှင် 'Tu-Tsong-He’ က 'Ya Mu Liao Market’ လို့ ခေါ်တဲ့ ဈေးကနေ Tapioca Balls ကို စတင်တွေ့ရှိပြီး Tea ထဲ မှာ ထည့်သွင်းကာ ရောင်းချရာမှ 'Pearl Tea’ ဆိုပြီးအမည်တွင်ကာ စတင် ပေါ်ပေါက်လာပါသတဲ့...ယနေ့ခေတ်မှာ အများဆုံး မြင်တွေ့ရတဲ့ Black Pearl ဆိုတာက လည်း Hanlin က White Tapioca Ball ကို အမည်းရောင် အဖြစ် Version ပြောင်းလိုက်လို့ ပါတဲ့😁
ဒုတိယသမိုင်းက - ထိုင်ဝမ်က Taichung မြို့က ‘Chun Shui Tang Tea Toom’ ပိုင်ရှင်ဖြစ်တဲ့ Liu Han-Chieh က ဂျပန်နိုင်ငံကို သွားလည်ရင်း ဂျပန် မှာ ကော်ဖီအေး ကို တွေရှိပြီး Chinese Tea ကိုလည်း အအေးအဖြစ်ရောင်းချ ရာမှ စတင်ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။
"Pearl လေးတွေ ဝါးနေရတာကို က အရသာတစ်ခုပါနော်" ဒီလို Pearl တွေ ကို 1988 မှာ Lin Hsiu Hui (Teahouse’s product development manager) ဆိုတဲ့သူက အစည်းအဝေးလုပ်ရင် အပျင်းပြေအောင် Fen Yuan (ဝါးလို့ရတဲ့ အလုံးလေးတွေကို) Iced Tea ထဲ ထည့်သောက်ရာ ကနေ လည်း The Creator Of Bubble Tea’ ဆိုပြီး ခေါ်ပြန်တယ်တဲ့ဗျာ။
သမိုင်းတွေ က ဘယ်ဟာ အမှန်ဖြစ်မလည်း စုံနေတာပဲ🙄
ဘယ်လိုသမိုင်းတွေ များများ ယနေ့ခေတ် မှာ Bubble Tea ကို ကြိုက်လို့ သောက်ကျတဲ့ သူတွေ က ကမ္ဘာတစ်ဝှမ်းပါပဲနော်... ၁၉၉၀ ကစပြီး အရှေ့ အာရှ နဲ့ အရှေ့တောင်အာရှ မှာ အထူးသဖြင့် ဗီယက်နမ် နိုင်ငံမှာ စတင်ထင်ရှားခဲ့ရာ ကနေ တစ်ဖြေးဖြေး ခုဆို နိုင်ငံ တော်တော်များများ မှာ ဆိုင်များစွာ ကနေ အမျိုးအစား အရသာ အမျိုးစုံ ဝယ်ယူသောက်သုံးနိုင်ကြပါတယ်။

Bubble Tea ရဲ့ အဓိက ပါဝင်ပစ္စည်းများ🥤

ပီလောပီနံမှုန့် ၊ နို့ ၊ Creamer ၊ brewed tea ၊ သကြား နဲ့ အရသာမှုန့် တို့ဖြစ်ပါတယ်။

Bubble Tea ကြိုက်တဲ့ သူလက်ညှိုးထောင်😁
Bubble Tea ဆို ဘယ်ဆိုင်က ဘယ်အရသာကို အကြိုက်ဆုံးလည်းဖြေပါ🤔
Bubble Tea အကြောင်း Bubble Tea သောက်ရင် တခြားသူတွေကို ပြန်ပြောပြနိုင်ပါစေဗျ😇
ကျွန်တော် ကတော့ Bubble Tea ဆို KOI နဲ့ Cheese O Tea ကို ကြိုက်ပါတယ်😍
#WhateverIWrite @wiw.mm #Food #BubbleTea

Thursday, June 18, 2020

အင်ဒိုနီးရှား ပိုလာဘာလီ ကျွန်းသို့ 🏝🇮🇩


အင်ဒိုနီးရှား ပိုလာဘာလီ ကျွန်းသို့ 🏝🇮🇩
------------------------------------------(Unicode)

'🎵အင်ဒိုနီးရှား ပိုလာဘာလီ ကျွန်းလေးဝယ် သူနဲ့လည်းတွေ့လို့ ချစ်ကြိုးသွယ် လစန္ဒာ လင်းကာဖြာတဲ့ ည ချမ်းဝယ် တောင်ပစိဖိတ်ရဲ့ အဏ္ဏဝါအလယ်🎶' ဒီသီချင်းစာသားလေးကို ကြားဖူးကြတယ်မလား.?
ပိုလာဘာလီ ဆိုတဲ့ သီချင်းလေးကြောင့် ဘာလီ ဆိုတဲ့ နေရာ ကို စိတ်ကူးယဉ်ပြီး ရောက်ဖူးချင်ခဲ့ ပါတယ်ဗျာ...ဒီလိုနဲ့ ကံကြမ္မာက ဖန်လာတော့ ဘာလီဆိုတဲ့ ခရီးစဉ်လေးကို သွားဖို့ ဖြစ်လာခဲ့ပါတော့တယ်😁.ခုနောက်ပိုင်း ဘာလီကို တော်တော်များများလည်း သွားလည်နေကြပါတယ်...ဘာလီမှာ ဘယ်နေရာတွေ သွားခဲ့လည်း ဘာတွေ ရှိတယ်ဆိုတာ လေးပြောပြရင်း ဘာလီ ကျွန်းလေးဆီ အတူတူ လည်ပတ်ကြရအောင်ဗျာ😇



ဘာလီ သို့ စတင်ထွက်ခွာခြင်း🛫🌥

 ဘာလီ ကို ရောက်ဖို့ အတွက် လေယာဉ် နှစ်ဆင့်စီးရပါတယ်...ကျွန်တော်သွားတော့ Malaysia Transit မလေးရှား ကနေမှ တဆင့် အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းဆီ တစ်ဆင့် လေယာဉ်ထပ်စီးရတပါတယ်...ကျွန်တော်သွားတော့ စီးတဲ့ လေယာဉ်က Malindo Air ပါ ✈️
ဘာလီ ကို သွားမယ်ဆိုရင် လေယာဉ် လက်မှတ်က အဓိကပါ လေယာဉ် လက်မှတ်ဖိုး သက်သာတဲ့ အချိန်မှာသွားတာကောင်းပါတယ် ကျွန်တော်သွားတုန်းကလည်း လက်မှတ်ခ သက်သာတဲ့ အချိန်ပါ ဒါတောင်...ခရီးစရိတ် နဲ့ အသုံးစရိတ် ကို $1000လောက်ကုန်ပါတယ်💸
ကျွန်တော်တို့ ဘာလီကို ရန်ကုန် အင်တာနေရှင်နယ် အဲယားပိုတ့် ကနေ လေယာဉ်ကြီးစီးကာ စတင်ထွက်ခွာပါမယ်...ရန်ကုန်ကနေ မှ မလေးရှာ နိုင်ငံကို အပေါ်မှာပြောခဲ့သလို အရင်စီးရပါတယ် မလေးရှားကိုရောက်ရင် မလေးရှားလေဆိပ်မှာ နာရီပိုင်း ဘာလီ သွားမယ့်လေယာဉ်စောင့်ခဲ့ရပါတယ်...Trasit စီးရမယ့် လေယာဉ် Gate ကို အရင်ရှာပြီး ဂိတ်သိပြီးတော့မှ လေဆိပ်မှာ နည်းနည်းပတ်ကြည့်လို့ရပါတယ်...ရန်ကုန်ကနေ မနက်ပိုင်းထွက်လာပြီး မလေးကနေ Transit တဆင့်ပြန်စီးပြီး ဘာလီ လေဆိပ် (Ngurah Rai Int’ Airport) ကို ညဖက် ရောက်ရှိခဲ့ပါတယ်☺️

ဘာလီ ပထမနေ့ (Day 1 in Bali) 1️⃣

ကျွန်တော် ဘာလီ အကြောင်းမှာ သွားခဲ့တဲ့ နေရာတွေ အကြောင်းပဲ အဓိကထားပြောပြပါ့မယ် ကျွန်တော် ဘယ်နေရာမှာတည်းပြီး ဘာတွေဘယ်မှာ စားတယ် မရေးတော့ပါဘူး နောက်ဆုံးမှာ ဘယ်လိုသွားနိုင်မယ်ဆိုတာ ကို ပြောပြပေးပါ့မယ်နော် ခုတော့ ကျွန်တော်နဲ့ တူတူ ဘာလီ မှာ ပထမ ရက် တူတူလည်ကြရအောင်ဗျာ...
ညက လေဆိပ်ကနေ UBUD က တည်းမယ့် ဟိုတယ်ဆီရောက်...ပင်ပန်းပြီး အိပ်ပျော်သွား...နောက်နေ့ မနက် စောစောထပြီး ဟိုတယ်မှာ မနက်စာစားပီးတော့ စတင်လည်ပတ်ပါတယ်...ဘာလီရေ ကိုယ်လာပြီး မင်းဆီကိုပေါ့လေ😝 "ဘာလီကျွန်းက 5780 sqkm ကျယ်ဝန်းပါသတဲ့...🙄"
ပထမဆုံးသွားတဲ့ နေရာက 'Tirta Empul Temple’🛕
ဒီနေရာ က ဘုရားကျောင်းတစ်ခုပါ ရောက်ပြီဆို အရင်ဆုံး အပေါက်ဝမှာ ညောင်ပင်ကြီး တွေ့ရပါလိမ့်မယ် Holy Tree လိုခေါ်ပါတယ် အဲ့ညောင်ပင်ရဲ့ သမိုင်းလည်းရှိပါတယ် သိချင်တယ်ဆို သွားဖြစ်ရင်လေ့လာပေးပါ😇 ဘာလီ က ဘုရားကျောင်းတွေ ပေါ်ပါတယ် ဘာလို့လဲဆိုတော့ လူဦးရေရဲ့ ၈၃.၅% ဟာ ဟိန္ဒူဘာသာဝင်တွေမို့ပါ... ဘုရားကျောင်းမှာ ဘာလီက လူတွေ လာရောက် ဝတ်ပြုတာလေ့လာ အမှတ်တရ ဓာတ်ပုံရိုက် နောက်ထပ် ဒီဘုရားကျောင်းမှာ ထူးခြားတဲ့ နေရာတစ်ခုရှိပါသေးတယ် အဲ့နေရာက
Holy Spring ပါ😇
Holy Spring မြင့်မြတ်တဲ့စမ်းချောင်း အဲ့လိုပဲ ဘာသာပြန်ရမလား.?ထို စမ်းချောင်းထဲမှာ ဘာလီ လူမျိုးတွေ ယုံကြည်တာ က စမ်းချောင်းရေထဲ ဝင်ဆုတောင်း ရေထွက်ပေါက်ကရေကို သောက်ရင် ရောဂါကင်း ကျန်းမာတယ်လို့ အယူရှိကြတယ် ကျွန်တော်တော့ ရေထွက်ပေါက်က ရေလေးသောက်ခဲ့ပါတယ်😇 သွားရင်လည်း သောက်ခဲ့ကြပါ...holy spring ကနေ ပြန်ထွက်တော့ တောင်ကုန်းပေါ်မှာ အိမ်အကြီးကြီးတစ်လုံးတွေ့ပါလိမ့်မယ်...အဲ့အိမ်က Presidential Houseပါတဲ့😱... ဘုရားကျောင်းထွက်ပေါက် နား မှာ နောက်ထပ်ရေကန်ကြီးတစ်ကန်လည်းရှိပါသေးတယ် ဈေးတန်းရှိတယ်ဗျ ဘုရားကျောင်းဝင် ထွက်ပေါက်မှာ...ကြည့်ရှူလေ့လာဓာတ်ဖမ်းပြီးတော့ နောက်တစ်နေရာ ဆက်သွားပါတယ်...🚗💨

Luwak Coffee (ကြောင်ကတိုး ကော်ဖီဆိုင်)☕️

ဘာလီ သွားရင် မရောက်မဖစ်တဲ့ နာမည်ကြီးနေရာတခုပါ...ဒီနေရာမှာက ကော်ဖီစေ့တွေ ကို ကြောင်ကတိုးကိုကျွေးပြီး သူတို့ပါတဲ့ ချေးကနေ ကော်ဖီပြန် ထုတ်လုပ်တဲ့နေရာပါဗျ ကော်ဖီက အရသာ ၁၂ မျိုးရှိပါတယ် ဆိုင်က ရှင်းပြပြီး အမည်းသဘောမျိုးလေးတိုက်ပါတယ် အဲ့ကနေမှ ကိုယ်ကြိုက်တဲ့ အရသာကို မှာ သောက်ယုံပဲ...ကျွန်တော်တောင် တစ်ခွက်မှာသောက်ခဲ့သေးတယ်☕️...ကော်ဖီ ထုပ်တွေလည်းရောင်းပါတယ် လက်ဆောင်ဝယ်လို့ရပါ တယ် မှတ်ချက် ဈေးကောင်းတယ်ဗျ😁
ကော်ဖီဆိုင်ကနေ ထပ်သွားမယ့်နေရာက.....

BALI Swing ဘာလီ ပုခက်😂

ဘာလီ ပုခက်သွားစီးမယ် လှေကားထစ် စိုက်ခင်းမှာ...ဒါကတော့ ဘာလီရဲ့ Tour Attraction တစ်ခု Activity တခုပါနော် ဘာလီ မှာ လှေကားထစ်စိုက်ခင်း က လည်း အဓိကနေရာက ပါပါတယ် အရမ်းလှပါတယ်...ဘာလီ swing မှာ ပုခတ်လွှဲပေးတာစီးမယ် လွှဲချက်တွေ က မိုးပေါ်ထိပဲ အရမ်းမိုက်တယ်နော် သွားရင် စီးမှ ပြည့်စုံမယ်...စီးပြီးရင် လှေကားထစ်စိုက်ခင်းတွေ နောက်ခံထား ဓာတ်ဖမ်းမယ်...ငှက်သိုက်လေးတွေ နဲ့ ဓာတ်ဖမ်း ဘာလီရောက်တယ်ပေါ့ အက်လယ်😝
Bali Swing ကနေ Instagram Place အင်စတာဂရမ် မှာ နာမည်ကြီးတဲ့နေရာကိုသွားမယ် ဓာတ်ပုံရိုက်လို့ မိုက်တဲ့နေရာပါ အဲ့နေရာကပုံတွေ က အင်စတာဂရမ်မှာ တင်ထားတာ ဟော့ ဖြစ်တယ်ပေါ့ဗျာ ဒါကြောင့် Instagram Place လို့ခေါ်တာပါ တစ်ခါတစ်လေ ဓာတ်ပုံ ဘယ်လိုရိုက်ရင် လှလည်းဆိုတာ ကိုယ်သွားတဲ့ နေရာတွေ ကို Instagram မှာရှာကြည့် ပါ သူများရိုက်ထားတဲ့ ပုံစံလေးတွေ ကြည့်ပြီး ဘယ်လိုရိုက်ရမလည်းသိလာလိမ့်မယ်😉 ရှင်းပြနေတာနဲ့နေရာမပြောရသေးဘူး...အဲ့နေရာ က

ACASIA @ Bali

ဘားပုံစံလေး...အစားအသောက်တော်တော်များများ အဲ့မှာ ရတယ် အုန်းရည်လည်းရတယ် အစားအသောက် စုံတယ်ပေါ့လေ.... အဓိက က အဲ့ မှာ သွား chill တာပေါ့ ဓာတ်ဖမ်း သောက်စား🤓 ဒီနေရာမှာ ဓာတ်ဖမ်းလို့ ဖိုင်းတယ်...နာရီပိုင်းလောက် စားသောက် ဓာတ်ဖမ်း ပြီး တည်းခိုတဲ့ ဟိုတယ်ဆီပြန်ပါတယ် ကျွန်တော် ပထမနေ့ မှာ သွားခဲ့တဲ့ နေရာတွေ က ဒီမျှပါပဲလို့ဒုတိယနေ့ ဆက်ချီတက်ကြမယ်😄

ဒုတိယနေ့ (Day 2 in Bali) 2️⃣😎

မနက်စောစော ထ ထုံးစံတိုင်း ဟိုတယ်က မနက်စာဆွဲ ပြီးတော့ ဒုတိယနေ့ ဘာလီ ကို ထက်ပြီး ခြေဆန့်ကြမယ်...ဒုတိယနေ့ ပထမဆုံး သွားတာက Traditional Show ဘာလီ က ရိုးရာ ကပွဲ သွားကြည့်ပါတယ်...BARONG & RANGDA ဆိုတဲ့ သမိုင်းကြောင်းနဲ့ ကပြတဲ့ ပွဲပါ...ကိုယ်တိုင်သွားရောက်ကြည့်ရှုနိုင်ပါစေနော်😇တကယ်ကောင်းလို့ပါ သွားကြည့်သင့်ပါတယ် သူများ ယဉ်ကျေးမှုတွေ သိအောင်လို့ ... ပွဲကြည့်ပြီးတော့ နောက်ထပ်သွားမယ့်နေရာက....🚗💨

ULUWATU Temple

ဘာလီက ဘုရားကျောင်းတွေ က အရမ်းလှတယ် ဒီဘုရားကျောင်း လည်း နာမည်ကြီးနေရာတစ်ခုပါ...ဘာလီ မှာ ဘုရားကျောင်းတွေထဲ ဝင်ရင် အောက်ပိုင်း ကို အဝတ်တခုနဲ့ ပတ်ပြီးမှ ဝင်လို့ရပါတယ် ယောကျာ်းလေး မိန်းကလေးတိုင်း...ကျွန်တော်တို့ မြန်မာမှာ ဘုရားပေါ်တက်ရင် ဘောင်းဘီတို ဘာညာမရသလိုပေါ့ စည်းကမ်းလေးရှိတယ်... ပတ်ထမီ ပတ်ပုဆိုးလေး တွေ က အရောင်လေးတွေ မိုက်တယ် အင်ဒိုနီးရှား က ပါတိတ် နာမည်ကြီးလေ...အဲ့ အဝတ်လေး ပတ်ပြီး မှ ဝင်ရပါတယ်...လှတယ်ဗျ အဲ့ အဝတ်လေးပတ်ပြီး ဓာတ်ဖမ်းလို့ 😁
ဒီဘုရားကျောင်းမှာ လျှို့ဝှက်ချက်တခု ရှိပါတယ်
အန္တရာယ် နည်းနည်းများတယ် အဲ့ဒါ ဘာဖြစ်မလည်း🤔
အဲ့အရာကတော့ မျောက်တွေ ပါ မျောက်တွေ က ပစ္စည်းတွေ ကို လုယူပြီးထွက်ပြေးတက်ပါတယ် မျက်မှန်တို့ ဖုန်းတို့ အရမ်းသတိထားရပါတယ် အိတ်ထဲသေချာထည့်ရပါတယ် မျောက်တွေ လျင်ချက်က ကိုးလောက်ရှိတယ် အလစ်သုတ်ပြေးတာ🤣
ဒီဘုရားကျောင်းက အရမ်းလှလို့ ဓာတ်ဖမ်းရတာ အရမ်းမိုက်ပါတယ် အကြာကြီး ပဲ ဓာတ်ဖမ်းမဝ ဘုရားကျောင်းက လည်း အကျယ်ကြီးပဲ ပြီးတော့ နေရာက ပင်လယ်ကမ်းစပ် ကျောက်တောင်ကြီးပေါ်မှာဆိုတော့ ပင်လယ်ကြီးလည်း မြင်ရတယ်🥰
လျှောက်သွား ရှူခင်းကြီးကို ခံစား ပင်လယ်က တိုက်ခတ်လာတဲ့လေကိုရှူရင်း ဓာတ်ဖမ်း...ညနေ ဖက်ရောက်တော့ ကမ်းခြေတစ်ခုကို သွားပါတယ်

Jim Baran Beach 🌊

ဒီကမ်းခြေမှာ နေဝင်ချိန်ကြည့်ပြီးရင် Beach dinner ပင်လယ်စာတွေ စားမယ် ညစာကို 😍ဒါ ကတော့ အမျိုးသမီးတွေ အကြိုက်ဆုံး အပိုင်းဖြစ်မှာ ပါ😁
ညစာကို ကမ်းခြေမှာ လှိုင်းသံလေးနဲ့ ပင်လယ်စာစား
ဒီနေရာမှာ ရို လို့ ရတယ်နော် ❤️ ဟန်နီးမွန်း ဒင်နာဘာညာ နှစ်ယောက်တည်း စားပွဲလေးပြင်ထားခိုင်းလို့ရတယ် Candle Light လေးနဲ့ Perfect လုံးဝအမိုက်စား Ro ပြီး ဂစ်တာနဲ့သီချင်းလေး တီးပေးတဲ့ အဖွဲ့ရှိတယ်...ကိုယ့် ချစ်သူလေးနဲ့ သာဆို ထိုညဟာ ကမ္ဘာပေါ်မှာ အပြာရောင်အချစ်ညပဲ🥰💙
Bali က Romantic နေရာလည်း ဖြစ်ပါတယ်❤️ အတွဲလေးနဲ့ဆို အရမ်း Ro လို့ကောင်းမှာ ကျွန်တော်ကတော့ တစ်ယောက်တည်း ဘာလီမှာ အထီးကျန်ခဲ့ရတယ် ဒါပေမယ့် တွေးထားပါတယ် နောက်တစ်ခါ ဘာလီကို ကောင်မလေးနဲ့ သွားမယ်😝
ဆင်ဆာ ကဒ်😂
ညစာစားပြီး ဟိုတယ် ပြန်နားချင်လည်းရတယ် ကျွန်တော်ကတော့ မနားဘူး Bali Night Life 😍 အရမ်းမိုက်တဲ့ ကလပ်တွေ ဘားတွေ ရှိတဲ့ ဆီ သွားပါတယ်...ကျွန်တော်သွားတဲ့ ကလပ် က Sky Garden ဖိုင်းချက်😎 သောက်စားပျော်ပါး လွတ်လပ်မှုအပြည့် သွားကြပါ😁

ဘာလီ တတိယနေ့ 3️⃣🏖

တတိယနေ့ ပထမဆုံးသွားတဲ့နေရာ က

TAMAN AYUN TEMPLE🛕

ဒီနေရာက ဘာလီပုံတွေ ထဲ မှာ တော်တော်များများ
တွေ့ဖူးမယ် ထင်ပါတယ် ဘုံအဆင့်ဆင့်ပုံစံနဲ့ ကျောင်းဆောင်တွေကို...မမြင်ဖူးရင် ကျွန်တော့်ပုံလေးတွေထဲမှာပြထားပါမယ်...ဒီဘုရားကျောင်းက Denpasar မှာရှိပါတယ်...ဒီဘုရားကျောင်းဟာ ဆိုရင် Six Royal Temple တွေ ထဲ က တစ်ခုအပါအဝင်ဖြစ်ပါတယ်...Taman Ayun ဆိုတဲ့ အဓိပ္ပာယ်ကတော့ ‘Garden Temple In The Water’ ပါသတဲ့ဗျာ...ဒီဘုရားကျောင်း ကို နောက်ခံထားပြီး ဓာတ်ပုံ ရိုက်ပါ အမှတ်တရပေါ့...ဘုရားကျောင်းထဲ ပတ်လျှောက်ပြီးလိုက်လေ့လာ ကြည့်ရှု ဓာတ်ဖမ်းပြီး အခါမှာတော့ နောက်တစ်နေရာ ထပ်သွားပါကြမယ်ဗျာ...

HANDARAGATE 😍

ဒီဂိတ်က Handara Golf and Resort က ဝင်ပေါက်ဂိတ်တခုပါ...ဒါပေမယ့် Instagram spot အဖစ်နာမည်ကြီး ပြီး လူတွေ အဲ့နေရာမှာ ဓာတ်ဖမ်းကြတယ်ပေါ့ဗျာ လမ်းတစ်ဖြောင့် နဲ့ ဂိတ်ဝနဲ့ ဓာတ်ဖမ်းရင် အရမ်းမိုက်တဲ့ နေရာတစ်ခုပေါ့ ရောက်ရင်တော့ Landmark တွေ နေရာစုံ ရောက်ဖူးအောင်သွားပါနော် Bali မသွားခင် Instagram တချက်ရှိုးသွားကြ ပါ အဲ့ မှ ရောက်ရင် ဓာတ်ပုံ ဘယ်လိုရိုက်ရမယ် ဆိုပြီး အမြင်လေးတွေရမှာပေါ့ ပြီးတော့ နေရာလေးတွေ သိမယ်...အိုကေနော် ဒီဂိတ်မှာ ပုံဖမ်းဖို့ တန်းစီ ပြီးစောင့်ရပါတယ် လူရှင်းရင်တော့ ကံကောင်းတာပဲ...သူများနိုင်ငံတွေ မှာ အကုန် ဓာတ်ပုံရိုက်ရင် ယဉ်ကျေးမှုတစ်ခု ရှိတယ် ဝင်မရှုတ်ကြပါဘူး စောင့်ပေးကြပါတယ်...အဲ့ချိန်မှာ ရိုက်မဆုံးတော့မလုပ်သင့်ဘူးပေါ့ဗျာ ရှယ် ဖလင်ကုန်တာမှ မဟုတ်တာ ဖုန်းနဲ့ ဆိုလည်း Burst Mode နဲ့ အိုင်တင်ကြိုက်သလိုလုပ်ပြီး ပုံကောင်းကို ပြန်ရွေးလို့ရတယ်လေ...ပြောရင်း ဓာတ်ပုံဘယ်လိုရိုက်ရမယ်တွေ တောင်ပါနေပြီး😁...ဆက်သွားကြမယ်🚗💨
နောက်တစ်နေရာက

ULUN DANU TEMPLE🛕

ULUN DANU ဘုရားကျောင်းက ဘာလီ မှာ ဟိန္ဒူဘုရားကျောင်းကြီးတစ်ခုပါ...ဒီ ဘုရားကျောင်းက Bratan Lake ဆိုတဲ့ ကန်ဘေးမှာ တည်ရှိပါတယ်...၁၆၃၃ ခုနှစ်က တည်ဆောက်ထားခြင်းဖြစ်ပါတယ်ဗျ...ဒီဘုရားကျောင်းမှာ လေ့လာ ဓာတ်ပုံရိုက်မယ်...ကန်ထဲမှာ ကနူးလှေလေးစီးလို့ရပါတယ် အရမ်းသာယာလှပတယ်လို့ ခံစားရပါတယ် ကန်စပ်မှာ တည်ရှိလို့...လေ့လာကြည့်ရှုပြီး နောက်တစ်နေရာထပ်သွားမယ်ဗျာ...🚗💨

TANAG LOT🌊🏯

အရမ်းလှတဲ့နေရာတစ်ခုပါ...ပင်လယ်ကမ်းစပ်ကျောက်ဆောင်ကြီးပေါ်မှာ တည်ဆောက်ထားတဲ့ ဘုရားကျောင်း နဲ့ ...နေဝင်ချိန်လေး ကြည့်ရတာ အသက်ပါဗျာ... ပြီးတော့ အရမ်း Chill လို့ကောင်းတဲ့နေရာပါ နေဝင်ချိန်လေးကို ကြည့်ရင် Beer လေးသောက်😍 စားသောက်ဆိုင် တွေ ရှိပါတယ်ဗျ Sunset View Restaurant တွေပါဗျ
Hard Rock Cafe @ Bali 🎸
သွားမယ်စားမယ် အစီအစဉ်ပါ...Hard Rock တို့ ထုံးစံအတိုင်း Live Band သီချင်းဆိုတာ နားထောင်ရင်း သောက်စားပျော်ပါး 😁....ရောက်ရင်တော့ သွားပါနော် မိုက်တယ်👍

ဘာလီ စတုတ္ထမြောက်နေ့ 4️⃣😪
ဘာလီမှာ လေးရက်မြောက်နေ့ မှာ သွားလည်တဲ့နေရာတွေ က

Royal Palace Water Garden (TIRTA GANGGA)🤩

ဒီနေရာက အရင်က နန်းတော်ဟောင်းနေရာပါ...
၁၉၄၆ ခုနှစ် မှာ King Karangsem က မြေ ၁ ဟတ်တာ မှာ တည်ဆောက်ခဲ့ပါတယ်တဲ့ဗျာ...ဒီနေရာကလည်း Instagram Spot ပါပဲ...ဘယ်လိုကြောင့်လဲ ဆိုတော့ ရေကန်ထဲ မှာ ခြေချစရာနေရာလေးတွေ နဲ့ ရွှေငါးတွေ တပုံကြီးနဲ့ အရမ်းလှတဲ့နေရာတစ်ခုပါ...ရေကန်ထဲက ခြေတစ်နင်းစာ လျှောက်လမ်းလေးတွေ မှာ ရပ် ငါးစာလေးတွေ ဘေးနားမှာ ချကျွေးထားလိုက် ငါးလေးတွေ ကိုယ့်အနားမှာ ဝိုင်းဝိုင်းလည်နေတဲ့ အချိန်မှာ ဓာတ်ဖမ်းရင် အရမ်းမိုက်ပါတယ်ဗျ😍...ရောက်တဲ့ အခါသိပါလိမ့်မယ်.... ရောက်အောင်သွားပါနော်...လူများရင်တော့ ပုံထဲ လူတွေ ပါတာပေါ့ ကျွန်တော့်ပုံထဲကလို😁 နောက်တစ်နေရာကတော့ လုံးဝ ဘာလီ ရဲ့ အထင်ကရနေရာပါ

Heaven Gate (Lempuyang Temple)

နတ်ပြည်ဝင်ပေါက်....😁 ဒီနေရာကလည်း Instagram မှာ အရမ်း Hot ဖြစ်တဲ့ နေရာတစ်ခုပါ...ဂိတ် မုဒ်ဦး နဲ့ ပုံတွေ က Instagram မှာ ပလူပျံနေတာပါ...Lempuyang ဘုရားကျောင်း က Six Royal Temple ထဲက နောက်ထပ် တစ်ခုပါ...ဂိတ်ဝ နဲ့ ဘုရားကျောင်းနဲ့မြင်ရတာဟာ ရင်သပ်ရှုမောပါပဲ...ဒီနေရာမှာ လျှို့ဝှက်ချက်တစ်ခုရှိပါတယ် အဲ့ဒါကိုတော့ သွားတဲ့ အခါ မှာ သိပါလိမ့်မယ်ဗျာ😎
UJUNG WATER PALACE
ရေကန်ကြီး သုံးကန် အလယ်မှာ ဆောက်ထားတဲ့ နန်းတော်ကြီးကို တွေ့ရမှာပါ...ပြီးရင် ရှုခင်းဆောင် ပေါ်ကို တက်ရင်တော့ ပင်လယ်ကြီး ထိ လှမ်းမြင်ရမှာပါဗျ အပေါ်စီးကနေ နန်းတော် ကို ကြည့်ရတာလည်း အရမ်းကို လှပလွန်းပါတယ်🥰 နန်းတော် ထဲမှာ နေရာစုံ လျှောက်သွားပြီး ဓာတ်ဖမ်းကြပါ

Bali Water Sports 🌊🚤🪂🤿

ကမ်းခြေမှာ ရေကစားနည်းမျိုးစုံ ကစားကြမယ်
$ တွေ သာ အထပ်လိုက်ဆောင်သွားပါဗျ...
ကျွန်တော် သွားတော့ Bali Water Sports မှာ activities ၂ ခု ပဲ လုပ်ခဲ့ပါတယ် Parachute Sailing ရယ် Underwater Walk ရယ်ပါ
Parachute Sailing က လေထီးစီးတာပါ မော်တော်ဘုတ်နဲ့ လေထီးကို ဆွဲသွားပေးတာ လေထီးနဲ့ လေဟုန်စီးရင် ပင်လယ်ကြီးကို အပေါ်စီးကနေကြည့် ရင်တုန်စိတ်လှုပ်ရှားစွာဖြင့်😬
Underwater Walk ကတော့ ပင်လယ်ရေအောက် ကြမ်းပြင် မှာ လမ်းလျှောက်ရတာပါ ငါးလေးတွေကို လမ်းလျှောက်ရင်း ကြည့် 🐟🐠🐡တကယ့်ရေအောက်ကမ္ဘာကို အလည်သွားရတဲ့ ခံစားမှု ပြီးတော့ ကျွန်တော့် အတွက်ကတော့ Nemo ငါးလေး 🥰 က အသက်ပါ အပြင်မှာ ပထမဆုံး မြင်ဖူးတာပါ...ကြောက်တက်တဲ့ သူတွေတော့ အဆင်မပြေပါဘူးဗျ ရေအောက်ရောက်သွားရင် ကြောက်တဲ့စိတ်ဖြစ်ပါတယ် ရေကူးတက်ပေမယ့် လည်း ရေထဲ ဆင်းသွားတဲ့ အချိန်ကြီးမှာ ဖြစ်လာတဲ့ စိတ်ခံစားမှုကြီးက ဘယ်လိုပြောရမလည်း ရင်ခုန်စရာ အတွေ့အကြုံသစ်တစ်ခုပါ...🧜🏻
ဘာလီ မှာ ကျွန်တော်သွားခဲ့တဲ့ နေရာတွေ ကတော့ ဒီလောက်ပါပဲခင်ဗျာ...😇 နောက်ထပ် ထပ်သွားစရာနေရာတွေ လည်း အများကြီးကျန်ပါသေးတယ်ဗျ...ဘာလီ ကို ထပ်သွားချင်ပါသေးတယ်...စာဖတ်ပရိသတ်ကြီးလည်း ဘာလီသွားမယ်ဆိုရင်တော့ Facebook Profile လေး ပြပေးထားပါတယ် သူ နဲ့ ဆက်သွယ်လိုက်ပါ ကျွန်တော့် Page လေးကို ပြလိုက်ပါ...သူ က Bali Tour Driver Guide ပါ သူက English လို နေရာတွေအကြောင်း ရှင်းပြမယ် လိုက်ပို့ပေးပါလိမ့်မယ် အစစအရာရာ အဆင်ပြေပါတယ် သူ့ကို အကုန်စီစဉ်ခိုင်းလို့ရပါတယ်နော်...😇
ကျွန်တော့်ရဲ့ ဘာလီ ခရီးစဉ်လေးကတော့ ဒီလောက်ပါပဲ ဗျာ...နောက်ထပ် ဘယ်တွေ သွားမလည်း ဆိုတာကိုလည်း စောင့်မျှော် အားပေးကြပါအုန်းခင်ဗျာ ခု ဘာလီ အကြောင်းလေးကို လည်း ဖတ်ပြီး ကျေနပ်မယ်လို့ထင်ပါတယ် ဖတ်ရတာ အားမရရင်တော့ ကိုယ်တိုင်သာသွားကြပါဗျာ😁...တကယ်လည်း ရောက်စေချင်ပါတယ်❤️

အားလုံးကျန်းမာရွှင်လန်းပါစေဗျာ🤫

#WhateverIWrite @wiw.mm #Travel #BALI